Saturday, December 24, 2011

တစ်နေ့နေ့မှာ

တစ်နေ့နေ့မှာ နင့်ကို သိပ်ချစ်လွန်းလို့ ငါ့အမှားတွေ များလာတဲ့အခါ နင်ငါ့ကို စိတ်မပျက်ပါနဲ့။ ဒါတွေဟာ ငါနင့်ကို
သိပ်ချစ်လို့ ဖြစ်ရတယ်ဆိုတာကို နင်နားလည်ပေးပါ။

တစ်နေ့နေ့မှာ ငါ့ကြိုးစားမှုတွေက နင့်အတွက် အရာမထင်တဲ့အခါ၊ ငါ့လုပ်ရပ်တွေက နင့်ကို ထိခိုက်တဲ့အခါ နင်ငါ့ကို
မမုန်းပါနဲ့။ နင့်ကို ထိခိုက်ပါစေတော့ဆိုတဲ့ ရည်ရွယ်ချက်မျိုး ငါ့မှာ မြူမှုန်လောက်တောင် မရှိပါဘူး။

တစ်နေ့နေ့မှာ နင့်အဝေးကို ငါမဖြစ်မနေ အကြောင်းကြောင့် ထွက်သွားရတဲ့အခါ နင့်ကို ထားပြီး ထွက်သွားနိုင်တယ်လို့
ငါ့ကို မထင်လိုက်ပါနဲ့။ ငါလည်း နှလုံးသားပါတဲ့ လူတစ်ယောက်ပါပဲ။ ဖြစ်နိုင်ရင် ငါချစ်တဲ့ နင်နဲ့ တစ်စက္ကန့်လေးတောင်
မခွဲဘဲနေချင်ပါတယ်။

တစ်နေ့နေ့မှာ ငါအလုပ်တွေများလို့ နင့်ဆီကို ဖုန်းမဆက်နိုင်တဲ့အခါ နင့်ကိုမေ့သွားပြီလားဆိုတဲ့ အတွေး နင့်ခေါင်းထဲမှာ
နည်းနည်းလေးတောင် မ၀င်ပါစေနဲ့။ ငါ့နှလုံးသားထဲမှာ နင်က အမြဲတမ်းရှိနေတာပါ။ ငါဘယ်လောက် အလုပ်များများ
ငါ့နှလုံးသားကပုံမှန် အလုပ်လုပ်နေသလို နင့်ကို ချစ်တဲ့အချစ်တွေကလည်း ပုံမှန်ရှင်သန်နေတာပါ။

တစ်နေ့နေ့မှာ နင်ငါ့ကို သိပ်လွမ်းတဲ့အခါ၊ တစ်ခါတစ်ခါ ငါ့ကိုသိပ်တွေ့ချင်မိတဲ့အခါ ငါလည်း နင်နဲ့ထပ်တူပဲ ဆိုတာကို
နင့်စိတ်ထဲမှာ မှတ်ထားပေးပါ။ အကြောင်းမျိုးမျိုးတွေကြောင့် နင်နဲ့ငါခဏလေး ဝေးနေရပေမယ့် နောင်တစ်ချိန်မှာ နင်နဲ့
ငါ အတူတူရှိနေနိုင်မှာပါ။ အဲဒီအချိန်ထိ နင့်စိတ်ထဲမှာ နင့်အတွေးထဲမှာ ငါတစ်ယောက်တည်းပဲ ရှိနေဖို့
ငါဆုတောင်းပါတယ်။

တစ်နေ့နေ့မှာ ငါနေမကောင်းဘူးဆိုတဲ့ သတင်းကို နင်ကြားတဲ့အခါ သိပ်ပြီးငါ့အတွက် စိတ်မပူပါနဲ့။ ခဏခဏဖျားတတ်
တာ ငါ့အကျင့်လို ဖြစ်နေပါပြီ။ ငါ့ကို ကျန်းမာရေး ဂရုမစိုက်ဘူးလို့ နင်စိုးရိမ်စိတ်နဲ့ အပြစ်ပြောမယ်ဆိုတာကို ငါသိပါ
တယ်။ ဒါပေမယ့် ငါ့ကြောင့် နင့်စိတ်တွေ အနှောင့်အယှက်ဖြစ်မှာကို မလိုလားလို့ ငါ့အတွက် နင့်စိတ်တွေကို
အလုပ်မရှုပ်ပါစေနဲ့။

တစ်နေ့နေ့မှာ င့ါအကြောင်း ကောလဟာလတွေ နင်ကြားတဲ့အခါ ငါ့အပေါ်ကို သံသယတွေ မ၀င်ပါနဲ့။ တစ်ဆိတ်ကို
တစ်အိတ်လုပ်ပြီး မကောင်းတာ၊ မဟုတ်တာဆိုရင် ပြောချင်ကြတဲ့ လူတွေကြောင့် နင်စိတ်တွေကို အလုပ်မပေးပါနဲ့။
ငါ့အပေါ် လွမ်းနေတဲ့ နင့်စိတ်ကလေးကို မပြောင်းလဲဖြစ်လိုက်ပါနဲ့။ နင့်အပေါ်ကို ငါဘယ်လိုချစ်လဲဆိုတာကိုပဲ
နင့်စိတ်ထဲမှာတွေးပေးပါ။

တစ်နေ့နေ့မှာ နင် ငါ့အချစ်တွေကို သံသယ၀င်လာတဲ့အခါ၊ ငါ့ကို ချစ်သူအဖြစ်ရွေးချယ်မိတာကို မှားပြီလားလို့
အတွေးဝင်လာတဲ့အခါ နင့်ရင်ထဲမှာပဲ ကြိတ်ပြီး ဒွိဟဖြစ်မနေပါနဲ့။ ငါ့အပေါ် မကျေနပ်ချက်တွေနဲ့ နင့်ရဲ့ သံသယ
တွေကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောပါ။ အဲဒီလိုမှ မပြောရင် နင့်ရင်ထဲမှာ ငါ့အတွက်မကျေနပ်ချက်တွေ များနေရင်
အဲဒါတွေကို နင့်ရင်ထဲမှာသိမ်းဆည်းထားရတာ နင်ပင်ပန်းပါတယ်။

တစ်နေ့နေ့မှာ ငါနင့်အပေါ်ကို မရည်ရွယ်ဘဲ အမှားတစ်ခုခုလုပ်မိလိုက်တဲ့အခါ နင်ငါ့ကို မမုန်းပါနဲ့။ နင့်အပေါ်ကို
အမှားလုပ်ရက်တယ်ဆိုပြီး ငါ့အပေါ်ကို အမြင်တွေ မစောင်းလိုက်ပါနဲ့။ လူတွေက တစ်ခါတစ်လေမှာ သူတို့ကိုယ်တိုင်
တောင်မသိတဲ့ အမှားတွေကို ပြုလုပ်မိတတ်တာက သဘာဝပါ။ ငါလည်း လူထဲက လူတစ်ယောက်မို့ အမှားနဲ့တော့
မကင်းနိုင်ပါဘူး။ ဒါပေမယ့် နင့်အတွက်ဆိုရင်တော့ တတ်နိုင်သမျှ အမှားကင်းစင်ချင်တာ နင့်အပေါ်ထားတဲ့
ငါ့ရဲ့ ဖြူစင်တဲ့ အချစ်စိတ်ပါ။

တစ်နေ့နေ့မှာ ငါ့စိတ်တွေကို မထိန်းနိုင်ဘဲ ပေါက်ကွဲမိတဲ့အခါ နင်ငါ့အပေါ်ကို စိတ်မဆိုးပါနဲ့။ ငါက စိတ်မဆိုး၊
စိတ်မကောက်တတ်ဘူးဆိုပေမယ့် တစ်ခါတစ်ခါမှာ ငါ့ဒေါသတွေ ငါကိုယ်တိုင်တောင် ထိန်းမရဘဲ ပေါက်ကွဲမိတတ်
လို့ပါ။ ဒါဟာ ငါနင့်အပေါ်ကို မကျေနပ်တာတွေများလို့ ပေါက်ကွဲတာလို့ နင့်စိတ်ထဲမှာ မတွေးလိုက်၊ မထင်မိလိုက်ပါ
စေနဲ့။ အဲဒီလိုပေါက်ကွဲတာက ငါနင့်အပေါ်ကို အကောင်းဆုံးတွေ မလုပ်ပေးနိုင်လို့ ငါ့ကိုယ်ငါမကျေမနပ်ဖြစ်တဲ့
ဒေါသတွေကြောင့် ဖြစ်လာရတာပါ။ လူတစ်ယောက်က အများအမြင်မှာ ဘယ်လောက်ပဲ ညံ့ဖျင်းပါစေ သူချစ်တဲ့သူ
အတွက်တော့ အတော်ဆုံး၊ အကောင်းဆုံးဆိုတာတွေကိုပဲ ဖြစ်စေချင်တာ ချစ်တတ်တဲ့သူတိုင်းရဲ့ စိတ်ပဲ မဟုတ်လား။

တစ်နေ့နေ့မှာ နင်နဲ့ငါ့ရဲ့ အမှတ်တရတချို့ကို ငါမမှတ်မိတဲ့အခါ ငါ့ကို အပြစ်မတင်ပါနဲ့။ နင့်အပေါ်ကို အလေးမထား
ဘူးလို့ ငါ့ကို မထင်လိုက်ပါနဲ့။ နင်နဲ့ငါ့ရဲ့ အမှတ်တရဆိုတာထက် နင့်အပေါ်ကို ပိုချစ်ပြီး၊ ပိုဂရုစိုက်နိုင်အောင်၊ ငါချစ်
တဲ့နင့်ကို အကောင်းဆုံးတွေပဲ ဖန်တီးပေးနိုင်အောင် ကြိုးစားနေလို့ အဲဒီအမှတ်တရတွေကို ငါမေ့သွားတာ ဖြစ်လိမ့်
မယ်။ အဲဒီအချိန်ကျရင် နင်က ငါ့ကို စိတ်မဆိုးပဲ ငါ့အပေါ်ကို နားလည်ပေးပါ။

တစ်နေ့နေ့မှာ နင်အဆင်မပြေဖြစ်တဲ့အချိန်၊ စိတ်ဓါတ်ကျနေတဲ့အချိန်မှာ ငါနင့်အနားမှာ ရှိနေမပေးနိုင်တာ နင်ငါ့ကို
နားလည်ပေးပါ။ ငါလည်း ငါချစ်တဲ့နင်နဲ့ ထာဝရ မခွဲဘဲနေချင်တာပေါ့။ ဒါပေမယ့် အကြောင်းအမျိုးမျိုးတွေကြောင့်
နင့်အနားမှာ မရှိပေးနိုင်တဲ့ ငါ့ကို အပြစ်မမြင်ပါနဲ့။ ငါက အချိန်ပြည့်နင့်အနားမှာ မရှိနိုင်ပေမယ့် ငါ့အချစ်တွေက
နင့်အနားမှာပဲ အချိန်ပြည့်ရှိနေပါတယ်။

တစ်နေ့နေ့မှာ နင်နဲ့ငါကြားကို မနာလိုတဲ့သူတွေ ၀င်ရောက်လာတဲ့အခါ နင့်အချစ်တွေ အရောင်မပြောင်းလဲပစ်လိုက်
ပါနဲ့။ အဆင်ပြေရင် အနှောင့်အယှက်တွေပေါ်လာတတ်တာ နင်လည်း သိပြီးသားပါ။ အဲဒါတွေကိုကျော်လွားနိုင်ဖို့
အတွက် နင့်စိတ်နဲ့ ငါ့စိတ်တွေ တစ်ထပ်တည်း ဖြစ်နေပါစေ။

တစ်နေ့နေ့မှာ တချို့တချို့သော လူတွေနဲ့ ပရိပက္ခဖြစ်တဲ့အခါ ငါမှားမှားမှန်မှန် နင်ကငါ့ဘက်မှာရှိနေပေးပါ။
လူတိုင်းက အမှားမကင်းဘူးဆိုတာ နင်လည်း သိသားပဲ။ ငါမှားတယ်ဆိုရင်တောင် နင့်ကို ငါ့ဘက်မှာရှိစေချင်တာက
င့ါလို နင်ပါလိုက်ပြီး မှားရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဒီလောကမှာ ငါ့အကြောင်းကို ငါ့ထက်ပိုသိတာက နင်ပဲ
မဟုတ်လား။ ငါဘာကြောင့်အမှားလုပ်မိလဲဆိုတာ ဘယ်သူမှ မသိရင်တောင် နင်တစ်ယောက်ကတော့ သိမှာပါ။
လူတွေက အမှားလုပ်ပြီးရင် အနည်းနဲ့ အများတော့ ၀မ်းနည်းတတ်ကြတယ်တဲ့။ မရည်ရွယ်ဘဲ အမှားလုပ်မိပြီး
ငါဝမ်းနည်းတဲ့အခါ နင်က ငါ့ကို နှစ်သိမ့်ပေးပါ။

တစ်နေ့နေ့မှာ နင်နဲ့ပတ်သတ်ပြီး ငါလောဘတက်မိတဲ့အခါ နင်ငါ့ကို စိတ်မပျက်ပါနဲ့။ ချစ်တတ်တဲ့လူတိုင်းကတော့
ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်တဲ့ လောဘ ရှိကြတာချည်းပါပဲ။ ငါ့ဘ၀ရဲ့ ရှင်သန်မှုမှာ အရေးကြီးတဲ့ နေရာက
ပါဝင်နေတဲ့ နင့်ကို ငါပိုင်ဆိုင်ချင်တာ ငါမှားတယ်ဆိုရင် အမှန်ကို ငါမသိချင်တော့သလို ပြင်လည်း မပြင်ချင်တော့
ဘူး။ မှားလက်စနဲ့ ဆက်ပြီးပဲ ထာဝရ မှားသွားပါရစေ။

တစ်နေ့နေ့မှာ ငါ့ရည်ရွယ်ချက်တွေ ပြည့်မြောက်ပြီးနင့်အနားကို ငါရောက်လာတဲ့အခါ ငါ့ကို အရင်လိုပဲ နွေးထွေးတဲ့
အပြုအမူတွေနဲ့ ကြိုဆိုပေးပါ။ ငါ့ရည်ရွယ်ချက်တွေ ပြည့်မြောက်လို့ ငါသတ်မှတ်ထားတဲ့ အဆင့်တစ်ခုကို ငါပိုင်ဆိုင်
တဲ့အခါ ငါ့စိတ်တွေပါ လိုက်ပြီး ပြောင်းလဲသွားတယ်လို့ နင်မထင်လိုက်ပါနဲ့။ င့ါရဲ့ဘ၀ဟာ ဘယ်လောက်ပဲ
ပြောင်းလဲသွားပါစေ။ ငါ့နှလုံးသားထဲမှာတော့ မပြောင်းလဲပဲ နင်က အမြဲထာဝရရှိနေမှာပါ။

2 comments:

  1. တစ်နေ့နေ့မှာ ငါနဲ့နင်ညားသွားရင်လဲ ဒါဒီထဲကအချက်တွေအားလုံးပြည်စုံအောင်နင်နေပေးပါ။

    ReplyDelete
  2. ငါလဲအားလုံးလိုလို လိုက်နာနိုင်အောင်ကြိုးစားမှာပါ..........

    ReplyDelete